
လူတော်တော်များများဟာ ဒီနှစ်တော့ ဝိတ်ချမယ်၊ ဒီနှစ်တော့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်မယ်လို့ မိမိကိုယ်ကို ကတိပေးဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ သတိထားမိတဲ့အချိန်မှာ နောက်ထပ်တစ်နှစ် ကုန်တော့မှာဖြစ်ပြီး ဘာမှမစရသေးပါဘူး။ ကိစ္စမရှိပါဘူး၊ ဒီနှစ်မှာ ပြန်စကြတာပေါ့။ အခုလို သတိရလိုက်တာဟာ မိမိကိုယ်ကို သိရှိတာဖြစ်လို့ အချိန်တွေကို နောက်ထပ်တစ်နှစ် အလကားမကုန်ဆုံးစေဘဲ ပိုကောင်းပါတယ်။
ဒီနေ့မှာတော့ ရမ်းခမ်းဟဲင်း ဆေးရုံကနေ မည်သူမဆို လွယ်ကူစွာ လိုက်နာနိုင်တဲ့ ကျန်းမာရေးကောင်းမွန်စေမယ့် နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။
အရသာရှိသော အစားအစာများတွင် အချိုရည်များ၊ အကင်များ၊ ဖတ်စ်ဖုဒ် (Fast Food) များနှင့် အယ်လ်ကိုဟော သောက်စရာများ ပါဝင်လေ့ရှိပြီး ကျန်းမာရေးထိခိုက်မှုများနှင့် ဒွန်တွဲနေလေ့ရှိသည်မှာ မှန်ပါသည်။ သို့သော် ချက်ချင်းလုံးဝ ဖြတ်တောက်ရန် ခက်ခဲနိုင်သဖြင့် စားသုံးသည့် အကြိမ်ရေကို လျှော့ချပေးနိုင်ပါသည်။ ဥပမာ- အပတ်စဉ် စားလေ့ရှိသော အကင်များကို ၂ ပတ်လျှင် တစ်ကြိမ် သို့မဟုတ် တစ်လလျှင် တစ်ကြိမ်သို့ ပြောင်းလဲပြီး ဆယ်လမွန်ငါး၊ ကြက်ဥ၊ အစေ့အဆန်များ၊ အဆီမပါသော အသား၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကဲ့သို့ အာဟာရပြည့်ဝသော အစားအစာများကို ပိုမိုစားသုံးပေးပါ။ ယင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ရရှိစေသည့်အပြင် အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။
တစ်နေ့လျှင် အနည်းဆုံး ရေ ၈ ခွက် သောက်သင့်သည်ဟု မကြာခဏ ကြားဖူးကြသော်လည်း တကယ်တမ်း လိုက်နာနိုင်သူ နည်းပါးပါသည်။ ထို့ကြောင့် အလုပ်လုပ်နေစဉ် အနီးအနားတွင် ရေခွက်ထားရှိခြင်း သို့မဟုတ် ရေဘူးကို အလေ့အကျင့်အဖြစ် ယူဆောင်သွားခြင်းဖြင့် လွယ်ကူစွာ သောက်သုံးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အစာချေစနစ် ပိုမိုကောင်းမွန်လာပြီး တစ်နေကုန် လန်းဆန်းစေကာ မျက်နှာအသားအရေကိုလည်း ရေဓာတ်ပြည့်ဝပြီး စိုပြည်စေပါသည်။


အနားယူခြင်းသည် အစားအသောက် ရွေးချယ်မှုကဲ့သို့ပင် အရေးကြီးပါသည်။ ညဉ့်နက်မှ အိပ်ခြင်းကို ရှောင်ကြဉ်ပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီ အိပ်စက်ခြင်းဖြင့် စတင်ပါ။ အကယ်၍ ၈ နာရီ မအိပ်နိုင်ပါက အနည်းဆုံး ၆ နာရီခန့် အိပ်စက်ပေးလျှင်လည်း ရပါသည်။ ထိုသို့ ပြုလုပ်နိုင်ပါက ဦးနှောက်ကို ကြည်လင်စေပြီး တစ်နေကုန် လန်းဆန်းစေကာ စိတ်ဖိစီးမှု လျော့နည်းစေသည့်အပြင် ရောဂါကာကွယ်ရေး ခုခံအားကိုလည်း ပိုမိုကောင်းမွန်စေပါသည်။
နှစ်သစ်မှာ လေ့ကျင့်ခန်းစတင်လုပ်ဖို့ ရည်ရွယ်ထားသူများအနေဖြင့် မိမိနှစ်သက်ရာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို တစ်နေ့လျှင် အနည်းဆုံး မိနစ် 30 ခန့် စတင်ပြုလုပ်သင့်ပါသည်။ လမ်းလျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း သို့မဟုတ် အေရိုးဗစ်ကစားခြင်းတို့ကို ရွေးချယ်နိုင်ပြီး အတူတကွ လုပ်ဆောင်မည့် အဖော်ရှာခြင်းသည်လည်း လေ့ကျင့်ခန်းလုပ်ရတာကို ပိုမိုပျော်ရွှင်စေပါသည်။ ကိုယ်လက်လှုပ်ရှားမှုသည် ခန္ဓာကိုယ်ကို သန်မာစေရုံမျှမက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ပျော်ရွှင်မှုဟော်မုန်းများကို တိုးပွားစေကာ အသားအရေကိုလည်း ဝင်းပလန်းဆန်းစေပါသည်။


မိမိကိုယ်ကို ကျန်းမာသည်ဟု ထင်မှတ်ကာ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုကို လျစ်လျူရှုထားသူများ ပေါ့ဆစွာ မနေသင့်ပါ။ အချို့သော ရောဂါများသည် လက္ခဏာ မပြတတ်သဖြင့် မစစ်ဆေးပါက မသိနိုင်ပါ။ ပုံမှန်မဟုတ်သည်များကို စောစီးစွာ တွေ့ရှိပါက အချိန်မီ ကုသနိုင်မည်ဖြစ်ပါသည်။
ဘဝသစ်တစ်ခုကို လိုချင်ပါက ဒီအချက်အားလုံးကို လိုက်နာကြည့်ပါ။ နောက်နှစ်မှာ သင်ဟာ ကျန်းမာရေး ပိုမိုကောင်းမွန်သူတစ်ဦးအဖြစ် ပြောင်းလဲသွားမယ်ဆိုတာ သေချာပါတယ်။