Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

သားသမီးများ နှာခေါင်းသွေးယိုလျှင် မည်သို့ပြုလုပ်သင့်သနည်း။

October 09 / 2026

nosebleeds

 

 

     နှာခေါင်းသွေးလျှံခြင်းသည် ကလေးများတွင် အတွေ့ရများပြီး နှာခေါင်းကို ပြင်းထန်စွာ နှိုက်ခြင်း၊ ကုတ်ခြင်း သို့မဟုတ် ပွတ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နှာခေါင်းအတွင်းပိုင်းရှိ နူးညံ့သော သွေးကြောမျှင်များ ပေါက်ထွက်ကာ သွေးထွက်စေပါသည်။ ၎င်းသည် ဆောင်းရာသီ သို့မဟုတ် ခြောက်သွေ့သော ရာသီဥတုများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

 

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေသည့် အခြားအကြောင်းရင်းများ

  • မျက်နှာ သို့မဟုတ် ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်း
  • နှာခေါင်းကို ပြင်းထန်စွာ ညှစ်ထုတ်ခြင်း
  • နှာခေါင်းပေါက်အတွင်း ပြင်ပပစ္စည်းများ ဝင်ရောက်ခြင်း
  • ဓာတ်မအာတ်ဖြစ်သော နှာစေးရောဂါ (Allergic rhinitis) ကဲ့သို့သော ရောဂါအခံများရှိခြင်း
  • အသက်ရှူလမ်းကြောင်း အထက်ပိုင်း ကူးစက်ရောဂါများ (ဥပမာ- အအေးမိခြင်း သို့မဟုတ် ထိပ်ကပ်နာ) ဖြစ်ပွားခြင်း
  • ဖုန်မှုန့်၊ ဝတ်မှုန့် သို့မဟုတ် ဆေးလိပ်ငွေ့ ကဲ့သို့သော ဓာတ်မအာတ်ဖြစ်စေသည့် အရာများနှင့် ထိတွေ့ခြင်း
  • နှာခေါင်းအတွင်း အသားပိုများရှိခြင်း၊ သွေးကြောအကျိတ်များရှိခြင်း သို့မဟုတ် သွေးကြောမျှင်များ ကျယ်လာခြင်း

 

ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသသင့်သည့် အခြေအနေများ

နှာခေါင်းသွေးလျှံခြင်းသည် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိသော်လည်း အချိန်မီကုသမှု လိုအပ်သော အခြားရောဂါအခံတစ်ခုခု၏ ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါသည်။ မိဘများအနေဖြင့် အောက်ပါသတိပေးလက္ခဏာများကို သိရှိထားရန် လိုအပ်ပါသည်-

 

  • သွေးထွက်ချိန် မိနစ် ၃၀ ထက် ကျော်လွန်နေခြင်း
  • အရေပြားတွင် ညိုမဲစွဲခြင်း၊ အနီ/ခရမ်းရောင် အစက်အပြောက်များ ပေါ်လာခြင်း
  • သွားဖုံး သို့မဟုတ် လျှာမှ သွေးထွက်ခြင်းပါ ဒွန်တွဲဖြစ်ပေါ်ခြင်း
  • ဆီးထဲတွင် သွေးပါခြင်း (ပန်းရောင် သို့မဟုတ် ရေနွေးကြမ်းရောင်) သို့မဟုတ် ဝမ်းအမည်းရောင် သွားခြင်း
  • အဖျားကြီးခြင်းပါ ဒွန်တွဲဖြစ်ပေါ်ခြင်း
  • ကလေးတွင် ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ဖြူဖျော့ခြင်း၊ အားနည်းခြင်း သို့မဟုတ် သတိလစ်မေ့မောချင်သလို ဖြစ်လာခြင်း

 

 

 

nosebleeds

 

 

 

နှာခေါင်းသွေးလျှံလျှင် ပြုလုပ်ရမည့် ရှေးဦးသူနာပြုစုနည်းများ

၁။ နှာခေါင်းကို သာသာလေး ညှစ်ထားပါ

     ကလေး၏ နှာခေါင်းပေါက်နှစ်ဖက်ကို နှာခေါင်းရိုးအလယ်ထိစပ်အောင် အနည်းဆုံး ၅ မိနစ်ခန့် ခပ်သာသာလေး ဖိညှစ်ပေးထားပြီး ပါးစပ်မှ အသက်ရှူရန် ပြောကြားပါ။

 

၂။ ခေါင်းကို အရှေ့သို့ အနည်းငယ် ငိုက်ပေးပါ

     သွေးများ လည်ချောင်းထဲသို့ မဝင်ဘဲ နှာခေါင်းမှ အပြင်သို့ စီးထွက်စေရန် ကလေးကို တည့်တည့်ထိုင်ခိုင်းပြီး ခေါင်းကို အရှေ့သို့ အနည်းငယ် ငိုက်ခိုင်းထားပါ။ လည်ချောင်းထဲသို့ သွေးဝင်သွားပါက ပျို့အန်ခြင်းမှ ကာကွယ်ရန်နှင့် သွေးထွက်ပမာဏကို ခန့်မှန်းနိုင်ရန် ခွက်တစ်ခုထဲသို့ ထွေးထုတ်ခိုင်းပါ။

 

၃။ အနားယူပါ၊ ရေခဲဖတ် ကပ်ပေးပါ

     သွေးတိတ်သွားပါက ကလေးကို ခေါင်းအုံးမြင့်မြင့်ဖြင့် အနားယူခိုင်းပါ။ သွေးကြောများကို ကျုံ့စေပြီး သွေးပြန်မထွက်စေရန် နှာခေါင်းပေါ်တွင် ရေခဲဖတ် ကပ်ပေးပါ။

 

၄။ သွေးတိတ်ပြီးနောက် ထိခိုက်ဆွပေးခြင်းမှ ရှောင်ကြဉ်ပါ

     သွေးတိတ်ပြီးနောက် အနည်းဆုံး ၂၄ နာရီမှ ၄၈ နာရီအတွင်း နှာခေါင်းကို ပြင်းထန်စွာ ညှစ်ခြင်း၊ နှာခေါင်းနှိုက်ခြင်း သို့မဟုတ် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။

 

သွေးထွက်ချိန် မိနစ် ၃၀ ထက် ကျော်လွန်ပါက ကလေးအထူးကုဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသပါ။

 

နှာခေါင်းသွေးမလျှံစေရန် ကာကွယ်နည်းများ

  • နှာခေါင်းခြောက်သွေ့ပြီး ယားယံကာ နှာခေါင်းနှိုက်ခြင်းမှ ကာကွယ်ရန် ပင်လယ်ရေငှန်ရည်၊ နှာခေါင်းဖြန်းဆေး သို့မဟုတ် နှာခေါင်းရိုးနေရာတွင် ပက်ထရိုလီယမ်ဂျယ်လီ (Petroleum jelly) သုတ်လိမ်းပေးပါ။
  • ဓာတ်မအာတ်ဖြစ်စေသော အရာများကို ရှောင်ကြဉ်ပြီး စိုးရိမ်ရသော ပတ်ဝန်းကျင်များတွင် ကလေးကို နှာခေါင်းစည်း (Mask) တပ်ဆင်ပေးပါ။
  • လေခြောက်သွေ့ခြင်းမှ ကာကွယ်ရန် ကလေးအိပ်ခန်းအတွင်း အစိုဓာတ်ထိန်းစက် (Humidifier) အသုံးပြုပေးပါ။

 

 

ကလေးများတွင် နှာခေါင်းသွေးလျှံခြင်းသည် အတွေ့ရများသော်လည်း ပုံမှန်အားဖြင့် မပြင်းထန်ပါ။ နှာခေါင်းကို မှန်ကန်စွာ ညှစ်ထားပေးပါက ၅ မိနစ်မှ ၁၀ မိနစ်အတွင်း သွေးတိတ်သွားလေ့ရှိသည်။ သို့သော် မိဘများအနေဖြင့် ကလေးကို အနီးကပ် စောင့်ကြည့်သင့်ပြီး သွေးထွက်များပါက သို့မဟုတ် မကြာခဏ ဖြစ်ပွားပါက ဆရာဝန်နှင့် ပြသရန် အကြံပြုပါသည်။