Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

ခံတွင်းတွင်းဖြစ်တတ်သော သွားဖုံးရောင်ရောဂါအန္တရာယ်

October 09 / 2026

gingivitis

 

 

သွားဖုံးရောင်ရောဂါ (Gingivitis) ဆိုသည်မှာ အဘယ်နည်း။

     သွားဖုံးရောင်ရောဂါ ဆိုသည်မှာ သွားဖုံးများ ရောင်ရမ်းခြင်း၊ နီရဲလာခြင်းနှင့် လွယ်ကူစွာ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်သည့် ရောဂါလက္ခဏာဖြစ်သည်။ စတင်ဖြစ်ပွားချိန်တွင် ပြင်းထန်သော အခြေအနေမဟုတ်သော်လည်း လူအများစုမှာ ယင်း၏ ကုသမှုနှင့် ကာကွယ်မှုအပေါ် လုံလောက်သော ဂရုစိုက်မှု မရှိကြပါ။ ကုသမှုမပြုဘဲ ထားရှိပါက သွားဖုံးရောင်ရောဂါမှ သွားဖုံးနှင့် သွားအမြစ်တွယ်ရာ တစ်ရှူးများ ပျက်စီးသည့် ရောဂါ (Periodontitis) သို့ ကူးပြောင်းသွားနိုင်ပြီး နောက်ဆုံးတွင် သွားကျွတ်သည်အထိ ဖြစ်ပွားစေနိုင်ပါသည်။

 

သွားဖုံးရောင်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ

သွားဖုံးရောင်ရောဂါ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများတွင် သွားဂျီး (Plaque) စုပုံခြင်းနှင့် သွားကြားတွင် အစာဟင်းဖတ်များ ညှပ်ခြင်းတို့ ပါဝင်သည်။

 

၁။ သွားဂျီး (Plaque) စုပုံခြင်း

     သွားဂျီးဆိုသည်မှာ အစာဟင်းဖတ် အကြွင်းအကျန်များနှင့် တံတွေးတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ဗက်တီးရီးယား အမြှေးပါး ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သွားဂျီးများကို မဖယ်ရှားပါက တံတွေးထဲတွင် ပါဝင်သော သတ္တုဓာတ်များကြောင့် သွားကျောက် (Calculus) အဖြစ် သိပ်သည်းမာကြောသွားပါသည်။ သွားဂျီးနှင့် သွားကျောက်များတွင် ရှိသော ဗက်တီးရီးယားများမှ ထုတ်လွှတ်လိုက်သော အဆိပ်ဓာတ်များသည် သွားဖုံးများကို ယှော့ထိုးစေပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည်။

 

၂။ သွားကြားတွင် အစာဟင်းဖတ်များ ညှပ်ခြင်း

     သွားအစီအစဉ် မညီညာခြင်း သို့မဟုတ် ခံတွင်းသန့်ရှင်းရေး နည်းလမ်းမမှန်ကန်ခြင်းတို့ကြောင့် သွားကြားတွင် အစာဟင်းဖတ်များ ညှပ်ကျန်နေတတ်ပါသည်။ ထိုသို့ ညှပ်ကျန်နေသည်များကို မဖယ်ရှားပါက သွားဖုံးယှော့ထိုးခြင်း၊ သွားဖုံးရောင်ခြင်းနှင့် နောက်ဆုံးတွင် သွားပိုးစားခြင်းတို့ ဖြစ်ပွားစေနိုင်ပါသည်။

 

 

 

 

gingivitis

 

 

သွားဖုံးရောင်ရောဂါ၏ လက္ခဏာများ

ကျန်းမာသော သွားဖုံးများသည် ခိုင်မာမှုရှိပြီး ပန်းရောင်ဖျော့ဖျော့ရှိကာ လွယ်ကူစွာ သွေးမထွက်တတ်ပါ။ သို့သော် သွားဖုံးရောင်ရောဂါ ဖြစ်ပွားပါက အောက်ပါလက္ခဏာများ တွေ့ရှိရနိုင်ပါသည်-

 

  • သွားဖုံးများ ရောင်ရမ်းခြင်း၊ အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲခြင်းနှင့် ထိတွေ့ရုံမျှဖြင့် လွယ်ကူစွာ သွေးထွက်ခြင်း
  • သွားဖုံးနှင့် သွားတွဲဆက်နေမှု လျော့နည်းလာခြင်း
  • အချို့သော ဖြစ်စဉ်များတွင် ပြည်တည်ခြင်းဖြစ်ပေါ်နိုင်ပြီး သွားဖုံးရောဂါပြင်းထန်သည့် အဆင့် (Periodontitis) သို့ ကူးပြောင်းကာ သွားများ လှုပ်လာခြင်းနှင့် နောက်ဆုံးတွင် သွားကျွတ်ခြင်းတို့ ဖြစ်ပွားနိုင်ခြင်း

 

သွားဖုံးရောင်ရောဂါ ကုသနည်းများ

သွားဖုံးရောင်ရောဂါ ကုသမှု၏ အဓိက သဘောတရားမှာ ဖြစ်ပွားစေသည့် အကြောင်းရင်းများဖြစ်သော သွားဂျီး၊ အစာဟင်းဖတ်နှင့် သွားကျောက်များကို ဖယ်ရှားခြင်းဖြစ်ပါသည်။

 

၁။ သွားဂျီးနှင့် အစာဟင်းဖတ်များကို ဖယ်ရှားခြင်း

  • ပုံမှန် မှန်ကန်စွာ သွားတိုက်ခြင်းနှင့် သွားကြားပွတ်ကြိုး သို့မဟုတ် သွားကြားပွတ်တံများ အသုံးပြု၍ သွားကြားများကို သန့်ရှင်းပေးခြင်းဖြင့် သွားဂျီးများကို မိမိဘာသာ ဖယ်ရှားရှင်းလင်းနိုင်ပါသည်။
  • သွားဆရာဝန်ထံမှ မှန်ကန်သော ခံတွင်းသန့်ရှင်းရေး နည်းလမ်းများကို အကြံဉာဏ် တောင်းယူနိုင်ပါသည်။

 

၂။ သွားကျောက် (Calculus) များကို ဖယ်ရှားခြင်း

  • သွားကျောက်များကို မိမိဘာသာ ဖယ်ရှား၍ မရနိုင်ဘဲ သွားဆရာဝန်နှင့် ပြသ၍ သွားကျောက်ခြစ်ခြင်း (Scaling) ပြုလုပ်ရပါမည်။
  • သွားကျောက်များသည် သွားဖုံးအောက်ခြေ အနက်ပိုင်းအထိ ရောက်ရှိနေပါက သွားဖုံးအထူးကု ဆရာဝန်နှင့် ပြသ၍ သွားအမြစ်ပိုင်း သန့်ရှင်းခြစ်ထုတ်ခြင်း (Root Planing) ကို ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

 

၃။ သွားကြား အစာညှပ်သည့် ပြဿနာများကို ဖြေရှင်းခြင်း

  • အစာဟင်းဖတ်များ ထပ်မံ မညှပ်စေရန်အတွက် သွားဖိန်းခြင်း၊ သွားစွပ်စွပ်ခြင်း သို့မဟုတ် သွားပုံသဏ္ဌာန် ချိန်ညှိခြင်း စသည့် သင့်တော်သော ကုသမှုများကို သွားဆရာဝန်နှင့် ပြသစစ်ဆေး၍ စနစ်တကျ ပြုလုပ်သင့်ပါသည်။

 

သွားဖုံးရောင်ရောဂါကို ပိုမိုဆိုးရွားစေနိုင်သော ဘေးထွက်အန္တရာယ် အကြောင်းရင်းများ

အချို့သောအချက်များသည် သွားဖုံးရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ယင်းတို့မှာ-

 

  • ဆီးချိုရောဂါ
  • ဆေးလိပ်သောက်ခြင်း
  • အချို့သော သောက်ဆေးများ

 

ဤအချက်များသည် သွားဖုံးရောင်ရောဂါ ကုသရာတွင် ပိုမိုဂရုစိုက် စီမံခန့်ခွဲရန် လိုအပ်သော အချက်များ ဖြစ်ကြသည်။

 

သွားဖုံးရောင်ရောဂါ ကုသမှု၏ အရေးပါပုံ

     သွားဖုံးရောင်ရောဂါသည် စတင်ချိန်တွင် ချက်ချင်းဆိုသလို ပြင်းထန်လေ့မရှိသောကြောင့် လူအများစုမှာ သင့်တော်သော ဂရုစိုက်မှုကို လျစ်လျူရှုတတ်ကြပါသည်။ သို့သော် ကုသမှုမပြုဘဲ ထားရှိပါက ပိုမိုပြင်းထန်ပြီး သွားနှင့် သွားဖုံးတစ်ရှူးများကို ပျက်စီးစေနိုင်သည့် သွားဖုံးရောဂါဆိုး (Periodontitis) သို့ ကူးပြောင်းသွားနိုင်ကာ အဆုံးတွင် သွားများ ကျွတ်ထွက်သွားနိုင်ပါသည်။

 

 

နောက်ဆုံး ပြင်ဆင်မွမ်းမံသည့်ရက်စွဲ - ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်