นพ. พฤฒ อิศรางกูร ณ อยุธยา
จิตเวชศาสตร์

စိတ်ခံစားချက်အလိုက် စားသုံးခြင်း (Emotional Eating) သည် ခန္ဓာကိုယ်အလေးချိန် ပိုမိုများပြားလာရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်ပါသည်။ ကျွမ်းကျင်သူများ၏ လေ့လာတွေ့ရှိချက်အရ လူအများစု၏ 75 ရာခိုင်နှုန်းခန့်သည် စိတ်ခံစားချက်ကြောင့် စားသုံးကြခြင်းဖြစ်ပြီး အထူးသဖြင့် ကယ်လိုရီနှင့် သကြားဓာတ် လွန်ကဲစွာပါဝင်သော အဆာပြေ အစားအစာ (Junk Food) များကို ဖြစ်သည်။ လူအများစုသည် ဗိုက်မဆာဘဲ ပျင်းရိနေချိန်၊ လုပ်စရာမရှိချိန်၊ ဒေါသထွက်ချိန်၊ ဝမ်းနည်းချိန် သို့မဟုတ် အထီးကျန်ချိန်တို့တွင် အစားအစာ စားသုံးလိုကြသည်။ စိတ်ခံစားချက်နှင့် အစားစားခြင်းသည် ဆက်စပ်မှုရှိနေသော်လည်း မည်သို့ဆက်စပ်နေသနည်း။
စိတ်ခံစားချက်အလိုက် စားသုံးခြင်း (Emotional Eating) ဆိုသည်မှာ ဗိုက်ဆာ၍ စားခြင်းမဟုတ်ဘဲ ဒေါသဖြစ်ခြင်း၊ ပျင်းရိခြင်း၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဖိစီးခြင်း စသည့် စိတ်ခံစားချက်များကြောင့် စားသုံးခြင်းဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်၊ သကြားနှင့် အဆီဓာတ် မြင့်မားစွာပါဝင်သော အချိုမုန့်များကို စားသုံးချင်စိတ် ဖြစ်ပေါ်ခြင်းဖြစ်သည်။
လူအများစုသည် ဇာတ်လမ်း သို့မဟုတ် စီးရီးများ ကြည့်ရှုရင်း မုန့်များ စားသုံးမိကြရာမှ ခန္ဓာကိုယ်အတွက် မလိုအပ်သော အဆီနှင့် စွမ်းအင်များကို ပါဝင်စားသုံးမိနေသည်ကို မေ့လျော့သွားတတ်ကြသည်။

စိတ်ခံစားချက်အလိုက် စားသုံးခြင်း
စိတ်ဖိစီးမှု၊ ပျင်းရိမှု သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက်များသည် နောက်ဆက်တွဲ စားသောက်မှုအလေ့အထကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းအရင်းများ ဖြစ်ကြသည်။ လူအများစုသည် ထိုစိတ်ခံစားချက်များကို ဖြည့်ဆည်းရန် အစားအစာ စားသုံးကြသည်။ အချို့မှာ မောပန်းနွမ်းနယ်သည့်အခါ အခြားလှုပ်ရှားမှုများ ပြုလုပ်မည့်အစား အစားအစာ စစားခြင်းဖြင့် စိတ်ခံစားချက်ကို ဖြည့်ဆည်းတတ်ကြသည်။
ကျွန်ုပ်တို့ စိတ်ဖိစီးမှု စတင်ဖြစ်ပေါ်သည့်အခါ ခန္ဓာကိုယ်မှ ကော်တီစော (Cortisol) ဟော်မုန်း ထုတ်လွှတ်ပေးသည်။ ထိုဟော်မုန်း လွန်ကဲပါက အိပ်စက်မှု ပြဿနာများ၊ စိုးရိမ်ပူပန်မှုများနှင့် ပုံမှန်ထက် ပိုမို ဗိုက်ဆာမှုများကို ဖြစ်ပေါ်စေသည်။ စိတ်ဖိစီးမှု လျော့နည်းသွားပါက ကော်တီစောသည် ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် စိတ်ဖိစီးမှုများ ရေရှည်စုပုံလာပါက ခန္ဓာကိုယ်သည် အာဟာရဆာလောင်မှုဖြစ်စေသော ဂရီလင် (Ghrelin) ဟော်မုန်းကို ပိုမိုထုတ်လွှတ်ပေးပြီး ပုံမှန်ထက် ပိုမိုဗိုက်ဆာစေသည်၊ အထူးသဖြင့် အချို၊ အငန် သို့မဟုတ် အဆီဓာတ်များသော အစားအစာများဖြစ်သည့် ဖာ့စ်ဖုဒ် (Fast Food) နှင့် ကိတ်မုန့်များကို ပိုမိုစားချင်စိတ် ဖြစ်ပေါ်စေသည်။
စိတ်ဖိစီးမှု စတင်ဖြစ်ပေါ်ချိန်တွင် အစားအသောက် စားချင်စိတ် မရှိနိုင်သေးသော်လည်း အချိန်အနည်းငယ် ကြာသွားသောအခါ ခန္ဓာကိုယ်သည် အစားအစာကို ပိုမိုတောင့်တလာမည် ဖြစ်သည်။
စိတ်ခံစားချက် သို့မဟုတ် စိတ်ဖိစီးမှုကြောင့် အစားအစာ စားသုံးခြင်းသည် ခန္ဓာကိုယ်၏ စွမ်းအင်သုံးစွဲမှု (Metabolism) စနစ်ကို ပျက်စီးစေပြီး စွမ်းအင်လောင်ကျွမ်းမှုကို လျှော့ချပေးသည်။ ပိုလျှံနေသော ကယ်လိုရီများသည် ဝမ်းဗိုက်၊ ခန္ဓာကိုယ်တွင်း အင်္ဂါများ၊ လက်မောင်းနှင့် ခြေထောက်တို့တွင် အဆီအဖြစ် ပြောင်းလဲသွားကာ သွေးတွင်းအဆီများခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ နှင့် အခြားပြင်းထန်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။

စားသောက်မှုအလေ့အထကို ပြုပြင်ပြောင်းလဲခြင်းသည် သိရှိထားရမည့် အရေးကြီးသော အချက်ဖြစ်ပါသည်။ စိတ်တည်ငြိမ်စွာဖြင့် မိမိ၏ စိတ်ခံစားချက် မည်သို့ရှိသည်ကို အမြဲတမ်း သတိထားခြင်း၊ စိတ်ဖိစီးမှု၏ အဓိကအကြောင်းအရင်းကို ရှာဖွေခြင်းနှင့် သင့်တော်သော အစားအစာများကို ရွေးချယ်ခြင်းတို့ဖြင့် လွယ်ကူစွာ စတင်နိုင်သည်။ ခဏခဏ ဗိုက်ဆာတတ်ပါက ကျန်းမာရေးနှင့်ညီညွတ်သော အဆာပြေမုန့်များဖြစ်သည့် လှော်ထားသော ပဲစိမ်း၊ ပစ်စတာချိုအစေ့ (Pistachio)၊ အဆီနည်း ဒိန်ချဉ်နှင့် လတ်ဆတ်သော သစ်သီးများကို ဝယ်ယူထားရန် ဆရာဝန်များက အကြံပြုထားသည်။ ထို့အပြင် စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်း စသည့် အခြားလှုပ်ရှားမှုများကိုပါ တွဲဖက်လုပ်ဆောင်သင့်သည်။



စိတ်ဖိစီးမှု သို့မဟုတ် အစားစားချင်စိတ် ပြဿနာသည် ပုံမှန်ထက် ပိုမိုမြင့်မားနေပါက စိတ်ကျန်းမာရေးဆရာဝန် သို့မဟုတ် အာဟာရဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။ ထိုသို့တိုင်ပင်ခြင်းသည် ဖြစ်ပေါ်နေသော ပြဿနာများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။