Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

မွေးကင်းစကလေး ဂျီကျအငိုမတိတ်ခြင်း (Colic) ကို မည်သို့ပြုစုမလဲ

September 17 / 2026

မွေးကင်းစကလေး ဗိုက်နာခြင်း (Colic)

 

 

     “ကလေးငယ်များ နေ့စဉ်အချိန်မှန် မနားတမ်းငိုကြွေးခြင်း" မှာ လူကြီးများမမြင်နိုင်သောအရာများကို မြင်တွေ့ရ၍ဖြစ်သည်ဟူသော အယူအဆကို ကြားဖူးပါသလား။ သို့သော် ဆေးပညာအရ ယင်းသို့ငိုကြွေးခြင်းကို မွေးကင်းစကလေးများတွင် အဖြစ်များပြီး သိပ္ပံနည်းကျရှင်းပြနိုင်သော အကြောင်းရင်းရှိသည့် “မွေးကင်းစကလေး ဗိုက်နာခြင်း (Colic)” ဟုခေါ်သော အခြေအနေဖြင့် ရှင်းပြနိုင်ပါသည်။

 

မွေးကင်းစကလေး ဗိုက်နာခြင်း (Colic)

      ခိုလစ်ခ် (Colic) သို့မဟုတ် သုံးလဗိုက်နာရောဂါဆိုသည်မှာ မွေးကင်းစကလေးငယ်များ ထင်ရှားသောအကြောင်းရင်းမရှိဘဲ အချိန်အကြာကြီး ဆက်တိုက်ငိုကြွေးသည့် အခြေအနေဖြစ်ပြီး မိဘများအနေဖြင့် ချော့မသိပ်နိုင်အောင် ခက်ခဲတတ်ပါသည်။ လေ့အားဖြင့် နေ့စဉ်အချိန်မှန်တွင် ဖြစ်ပွားတတ်ပြီး နာရီပေါင်းများစွာ ကြာမြင့်နိုင်ကာ မွန်းလွဲပိုင်းမှ ညနေပိုင်း သို့မဟုတ် အချို့မှာ ညသန်းခေါင်အထိ ငိုကြွေးတတ်ကြပါသည်။ အတိအကျ အကြောင်းရင်းကို မသိရသေးသော်လည်း အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သော အချက်အချို့ရှိပါသည်။

 

ထို့အပြင် ခိုလစ်ခ်အခြေအနေသည် မွေးကင်းစကလေးများတွင် ဖြစ်ပွားလေ့ရှိပြီး အသက် 2-3 ပတ်တွင် အဖြစ်အများဆုံးဖြစ်ကာ အသက် 3 လခန့်အရွယ်တွင် ပြန်လည်သက်သာလာလေ့ရှိပါသည်။

 

ခိုလစ်ခ်အခြေအနေ၏ ရှေ့ပြေးလက္ခဏာများ

  • လက္ခဏာများသည် ရုတ်တရက် ပြင်းထန်စွာဖြစ်ပေါ်တတ်ပြီး နေ့စဉ်တစ်ချိန်တည်းတွင် ထပ်ခါတလဲလဲ ဖြစ်ပွားတတ်ပါသည်။
  • တစ်နေ့လျှင် 3 နာရီထက်ပို၍ အနိုင်ရုန်းငိုကြွေးခြင်း။
  • တစ်ပတ်လျှင် ၃ ရက်ထက်ပို၍ဖြစ်ပွားခြင်းနှင့် လက္ခဏာကာလမှာ ၃ ပတ်ထက်ပိုမိုကြာမြင့်ခြင်း။
  • ငိုသံမှာ စူးစူးရှရှ အသံမြင့်ပြီး ပုံမှန်ထက် ပိုမိုကျယ်လောင်ခြင်း။
  • ခန္ဓာကိုယ် တောင့်တင်းလာခြင်း (ဥပမာ- လက်သီးတင်းတင်းဆုပ်ခြင်း၊ လက်မောင်းတောင့်ခြင်း၊ ခြေထောက်တောင့်ခြင်း)။
  • မည်သို့မျှ ချော့မရခြင်း။
  • ဗိုက်နာသော လက္ခဏာမရှိချိန်တွင် ကလေးသည် ပုံမှန်အတိုင်းဖြစ်ပြီး ဝိတ်လည်း ပုံမှန်တိုးတက်ခြင်း။

 

 

မွေးကင်းစကလေး ဗိုက်နာသောအခြေအနေ (Colic)

 

 

 

ခိုလစ်ခ်အခြေအနေ ဖြစ်ပွားရသည့် အကြောင်းရင်းများ

ခိုလစ်ခ်ကြောင့် ဗိုက်နာရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း လက္ခဏာများကို ပိုမိုဆိုးရွားစေသည့် အချက်အချို့ ရှိပါသည်။

 

  • ဗိုက်နာခြင်း/ ရောဂါဝေဒနာ ခံစားရခြင်း၊ ဗိုက်ကယ်ခြင်း၊ ဝမ်းဗိုက်အတွင်း လေပွခြင်း
  • နွားနို့ပရိုတင်းနှင့် မတည့်ခြင်း
  • နို့စို့စဉ် လေများစွာ ဝင်သွားခြင်း
  • နို့အလွန်အကျွံ တိုက်မိခြင်း
  • လေမအန်ခြင်း သို့မဟုတ် လေမလည်ခြင်း
  • ကစီဓာတ်ပါသော အစာများကို အလွန်အကျွံ စားသုံးမိခြင်း
  • အစာခြေစနစ် အပြည့်အဝ မဖွံ့ဖြိုးသေးခြင်း
  • အူလမ်းကြောင်းအတွင်းရှိ ကောင်းမွန်သော ဘက်တီးရီးယားများ မမျှတခြင်း

 

ဤသို့သော လက္ခဏာများရှိပါက ကလေးအထူးကုဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်

ပြင်းထန်စွာ ငိုကြွေးသည့် လက္ခဏာအပြင် အခြားနောက်ဆက်တွဲ လက္ခဏာများ ပါဝင်တွေ့ရှိပါက ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။

 

  • ဖျားခြင်း၊ ကိုယ်ပူခြင်း
  • အသက်ရှူ မမှန်ခြင်း
  • အန်ခြင်း
  • ဝမ်းသွား မမှန်ခြင်း
  • မှေးမှိန်နေခြင်း၊ နို့မစို့ခြင်း သို့မဟုတ် အခြေအနေ ပိုမိုဆိုးရွားလာပါက ဆေးကုသမှုခံယူရန် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်သင့်ပါသည်။

 

 

 

 

မွေးကင်းစကလေး ဗိုက်နာသောအခြေအနေ (Colic)

 

 

 

ကလေး မနားတမ်း ငိုသည့်အခါ ဖြေရှင်းနိုင်မည့် နည်းလမ်းများ

1. ကလေး စိတ်ငြိမ်စေမည့် ပတ်ဝန်းကျင် ဖန်တီးပေးပါ

     ကလေးအား သက်သောင့်သက်သာရှိသော ပုံစံဖြင့် ချီပွေ့ပါ၊ ဥပမာ- ပခုံးပေါ်တင်၍ ချီခြင်း သို့မဟုတ် ရင်ခွင်ထဲတွင် နွေးထွေးစွာ ပွေ့ဖက်ထားခြင်း၊ သို့မဟုတ် မိခင်၏ ပေါင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် သိပ်ထားပေးနိုင်ပါသည်။

 

2. ဗိုက်ထဲမှ လေများကို ထုတ်ပေးပါ

     ကလေးငယ် ဗိုက်ကယ်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ပခုံးပေါ်တင်၍ဖြစ်စေ၊ အနည်းငယ် စောင်း၍ ထိုင်ခိုင်းပြီးဖြစ်စေ ပွေ့ချီကာ ဗိုက်ကို ဖြည်းညှင်းစွာ နှိပ်ပေးပါ။ နို့ဗူးတိုက်စဉ် ကလေးအား သေချာစွာ ပွေ့ချီပြီး နို့သီးခေါင်းတွင် လေမခိုစေရန် နို့ဗူးကို စနစ်တကျ ကိုင်ပေးခြင်းဖြင့် လေဝင်ခြင်းကို ကာကွယ်နိုင်ပါသည်၊ ကလေးအား အချိန်အကြာကြီး ငိုမထားပါနှင့်၊ နို့ကိုလည်း အလွန်အကျွံ မတိုက်ပါနှင့်။

 

3. ကလေး စိတ်ငြိမ်စေရန် ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ

     ကလေး ငိုမရပ်သေးပါက ပခုံးပေါ်တင်၍ ကိုယ်ကို ဖြည်းဖြည်းချင်း လှုပ်ပေးခြင်း၊ ပုခက်လွှဲပေးခြင်း သို့မဟုတ် အိပ်ရာပေါ်တွင်ရှိစဉ် ကျောကို ဖြည်းဖြည်းချင်း ပွတ်ပေးခြင်း သို့မဟုတ် ကလေးတွန်းလှည်းထဲ ထည့်၍ လမ်းလျှောက်ပေးခြင်းတို့က ကလေးအား စိတ်လက်ပေါ့ပါးစေရန် ကူညီပေးနိုင်ပါသည်။

 

ကလေး ပြင်းထန်စွာ ငိုကြွေးချိန်တွင် မပြုလုပ်သင့်သည့် အရာများ

     ကလေး ပြင်းထန်စွာ ငိုသည့်အခါ မိဘ သို့မဟုတ် အထိန်းတော်များ မပြုလုပ်သင့်သည့်အရာမှာ “ကလေးကိုယ်ကို လှုပ်ခါခြင်း” ဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် လှုပ်ခါခြင်းသည် ကလေးအား ငိုရပ်မသွားစေဘဲ၊ အထူးသဖြင့် အသက် ၃-၄ လထက် မပိုသေးသော ကလေးငယ်များတွင် ကလေး၏ ဦးခေါင်းသည် ခန္ဓာကိုယ်တွင် အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး လူကြီးများထက် ရေဓာတ်ပါဝင်မှု အချိုးအစား ပိုမိုများပြားသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် လည်ပင်းဧရိယာရှိ အရိုးနှင့် ကြွက်သားဖွဲ့စည်းပုံမှာလည်း သန်မာမှု မရှိသေးပါ။ ရှေ့-နောက် သို့မဟုတ် ဘယ်-ညာ ပြင်းထန်စွာ လှုပ်ခါပါက အရည်ထဲတွင် ရှိနေသော အသားခဲကဲ့သို့သော ဦးနှောက်သည် ရွေ့လျားသွားပြီး ဦးခေါင်းခွံနှင့် ရိုက်ခတ်ကာ ဦးနှောက်တစ်ရှူးများကို ထိခိုက်ဒဏ်ရာရရှိစေနိုင်ပါသည်။

 

 

ထို့အပြင် ကလေး၏ ဦးနှောက်သို့ သွေးထောက်ပံ့ပေးသော သွေးကြောများသည်လည်း နူးညံ့လွန်းသဖြင့် ပြင်းထန်သော ရိုက်ခတ်မှုခံရပါက လွယ်ကူစွာ ပေါက်ထွက်သွားနိုင်ပြီး ဦးနှောက်မှေးအောက် သွေးယိုစိမ့်ခြင်းကို ဖြစ်ပေါ်စေကာ ပြင်းထန်ပါက အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါသည်။