
ကလေးမမွေးဖွားမီ ပြင်ဆင်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် အလွန်အရေးကြီးပါသည်။ မိခင်များသည် ဘဝ၏ အရေးကြီးသော အချိန်ကာလအတွက် သန်မာပြီး အဆင်သင့်ဖြစ်နေသော ခန္ဓာကိုယ် ရှိထားရန် လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း မှန်မှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် နာကျင်မှုများကို လျှော့ချပေးနိုင်ပြီး ကြွက်သားများကို သန်မာစေကာ ကလေးမွေးဖွားရ လွယ်ကူစေသည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ
- ကျောနာခြင်း၊ ကိုက်ခဲခြင်းနှင့် ခြေသလုံးကြွက်တက်ခြင်းများကို လျှော့ချပေးခြင်း
- စိတ်လက်ပေါ့ပါးစေပြီး အိပ်ပျော်စားဝင် စေခြင်း
- တင်ပါးဆုံကွင်း ကြွက်သားများကို သန်မာစေပြီး မီးဖွားစဉ် ဗိုက်ညှစ်ရလွယ်ကူစေခြင်း
- အစာချေစနစ် လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေခြင်း
- အဆီပိုများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ခြင်း
- ကလေးမီးဖွားပြီးနောက် ခန္ဓာကိုယ်ကျန်းမာရေးနှင့် ကိုယ်ထည်ပုံစံကို မူလအတိုင်း မြန်မြန်ဆန်ဆန် ပြန်လည်ရရှိစေခြင်း
သို့သော် သင့်တော်သော လေ့ကျင့်ခန်းများကို ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်းသာ ပြုလုပ်သင့်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် လေ့ကျင့်ခန်းပုံစံများ
ပုံစံ ၁
ပေါင်ကြွက်သား၊ ကျောကြွက်သားနှင့် တင်ပါးဆုံကွင်း ကြွက်သားများ၏ အကြောလျော့နိုင်စွမ်းကို တိုးတက်စေခြင်း

ပြုလုပ်နည်း
- ပျော့ပျောင်းသော ကြမ်းပြင် သို့မဟုတ် ယောဂဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်ပါ
- ခြေဖဝါး ၂ ဖက်လုံးကို တစ်ခုနှင့်တစ်ခု ထိကပ်ထားပါ
- ပေါင်အတွင်းပိုင်း ကြွက်သားများ တင်းသွားသည်အထိ ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းပေးပါ
- တစ်ကြိမ်လျှင် ၅ စက္ကန့်ခန့် ထိန်းထားပြီး ဖြည်းဖြည်းချင်း ပြန်လျှော့ပါ။ ၅-၁၀ ကြိမ်အထိ ထပ်မံပြုလုပ်ပါ
ပုံစံ ၂
ဗိုက်ကြွက်သား၊ ကျောအောက်ပိုင်းကြွက်သား၊ တင်ပါးကြွက်သားနှင့် တင်ပါးဆုံကွင်း ကြွက်သားများ ပါဝင်သော ခန္ဓာကိုယ်ပင်မ ကြွက်သားများကို သန်မာစေခြင်း

ပြုလုပ်နည်း
- ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်လုံးကို ထောင်ထားပါ၊ လက်နှစ်ဖက်ကို ဘေးတွင်ချထားပြီး ဗိုက်ကြွက်သားကို တင်းထားပါ
- နှာခေါင်းမှ အသက်ရှူသွင်းလျှင် ဗိုက်ပောင်းလာစေရန်နှင့် ပါးစပ်မှ အသက်ရှူထုတ်လျှင် ဗိုက်ချပ်သွားစေရန် လေ့ကျင့်ပါ
- ခန္ဓာကိုယ်ကြွက်သားများကို တင်းရင်းထားစဉ် အသက်ရှူပါ - နှာခေါင်းမှ အသက်ရှူသွင်းပြီး ခါးကို အပေါ်သို့ကော့မြှောက်ကာ ၁ - ၂ စက္ကန့်ခန့် ထိန်းထားပါ
- ပါးစပ်မှ အသက်ရှူထုတ်စဉ် ဗိုက်ကိုတင်းထားပြီး မူလအိပ်သည့်ပုံစံအတိုင်း ပြန်ပြင်ကာ ကျောကို ကြမ်းပြင်နှင့် ကပ်ထားပါ။ ၃ - ၅ ကြိမ်ခန့် ထပ်မံပြုလုပ်ပါ
ပုံစံ ၃
ခန္ဓာကိုယ်ဘေးဘက်ကြွက်သားများနှင့် ကျောကြွက်သားများကို အကြောလျော့ပေးခြင်း

ပြုလုပ်နည်း
- ငြိမ်သက်စွာ တင်ပျဉ်ခွေ ထိုင်ပါ
- ခန္ဓာကိုယ်ကို ဘေးတစ်ဖက်သို့ စောင်းလိုက်ပြီး စောင်းထားသည့်ဘက်မှ တံတောင်ဆစ်ဖြင့် ထောက်ထားပါ
- အခြားလက်တစ်ဖက်ကို ဘေးဘက်ကြွက်သား တင်းသွားသည်အထိ အပေါ်သို့ ဖြည်းဖြည်းချင်း ဆန့်မြှောက်ပေးပါ
- စက္ကန့် ၅ - ၁၀ စက္ကန့်ခန့် ထိန်းထားပါ။ တစ်ဖက်လျှင် ၃ - ၅ ကြိမ်ခန့် ထပ်မံပြုလုပ်ပါ
ပုံစံ ၄
ခြေသလုံးကြွက်သားများကို အကြောလျော့ပေးပြီး ခြေသလုံးကြွက်တက်ခြင်းကို လျှော့ချပေးခြင်း

ပြုလုပ်နည်း
- နံရံမှ ၁ တောင်ခန့် ခွာ၍ မတ်တပ်ရပ်ပါ
- လက် ၂ ဖက်ဖြင့် နံရံကို ထောက်ထားပါ (အားစိုက်၍ တွန်းရန် မလိုပါ)
- အကြောလျော့လိုသော ခြေထောက်ကို အနောက်သို့ နောက်ဆုတ်လိုက်ပြီး ခြေဖနောင့်ကို ကြမ်းပြင်နှင့် ဖိကပ်ထားပါ
- ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းပြီး အရှေ့ဘက်မှ ဒူးကို ကွေးထားပါ၊ ၁၀ စက္ကန့်ခန့် ထိန်းထားပါ။ ပြုလုပ်နေစဉ် အနောက်သို့ ဆန့်ထုတ်ထားသော ခြေထောက်၏ ခြေသလုံးကြွက်သား တင်းသွားသည်ကို ခံစားရမည် ဖြစ်ပါသည်
- ၃ - ၅ ကြိမ်ခန့် ထပ်မံပြုလုပ်ပြီး အခြားတစ်ဖက်သို့ ပြောင်းလဲပြုလုပ်ပါ