Messenger
Language
TH EN ZH
Home အထူးကုသရေးဌာနများ ရင်းနှီးမြှုပ်နှံသူများ

မေ့မထားသင့်သလို ကိုယ်တိုင်လည်း မကုသသင့်သည့် နာတာရှည် အူရောင်ရောဂါ

September 10 / 2026

အူရောင်ရောဂါ

 

 

 

     အူရောင်တဲ့ ဝေဒနာတွေဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး အဖြစ်များပါတယ်။ ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေကြောင့် ဖြစ်ပွားနိုင်သလို၊ မထိန်းချုပ်နိုင်တဲ့ အခြားအကြောင်းအရာတွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ ဝမ်းခဏခဏသွားရုံတင်မကဘဲ ဝမ်းထဲ သွေးပါတာမျိုးအထိ ရောဂါလက္ခဏာတွေ ဆက်လက်ဖြစ်ပေါ်နေရင်တော့ ဒါဟာ ပုံမှန် မဟုတ်တာကြောင့် မသိကျိုးကျွံ ပြုထားတာ သို့မဟုတ် မိမိသဘောဖြင့် ဆေးဝါးသောက်သုံးတာမျိုး မလုပ်သင့်ပါဘူး။

 

အူရောင်ရောဂါ (Inflammatory Bowel Disease - IBD)

     အူရောင်ရောဂါ (IBD) ဆိုသည်မှာ အစာခြေလမ်းကြောင်းတွင် နာတာရှည် ရောင်ရမ်းမှုဖြစ်ပွားပြီး ဝမ်းသွားခြင်းကို ထိခိုက်စေကာ မကြာခဏ ဝမ်းလျှောခြင်း၊ ဝမ်းထဲတွင် အချွဲ သို့မဟုတ် သွေးပါခြင်းနှင့် ဗိုက်ရစ်နာခြင်းစသည့် လက္ခဏာများကို ဖြစ်ပေါ်စေသည့် ဝေဒနာဖြစ်သည်။ IBD ကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားထားပါသည်-

 

အူရောင်ရောဂါ (IBD) အမျိုးအစားများ

၁။ အနာဖြစ်စေသော အူမကြီးရောင်ရမ်းသည့်ရောဂါ (Ulcerative Colitis)

     Ulcerative Colitis သည် အူမကြီးအတွင်းနံရံကို ထိခိုက်စေပြီး အနာများ ဖြစ်ပေါ်စေသည့် နာတာရှည် ရောင်ရမ်းမှု ရောဂါတစ်ခုဖြစ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် စူစိ (rectum) မှ စတင်လေ့ရှိပြီး ပြင်းထန်မှုအပေါ် မူတည်၍ အူမကြီး၏ အခြားအစိတ်အပိုင်းများသို့ ကူးစက်သွားနိုင်သည်။ ထိုသို့ ရောင်ရမ်းခြင်းကြောင့် အူအတွင်း သွေးယိုစိမ့်မှုဖြစ်ပေါ်ပြီး မကြာခဏ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်နာခြင်း၊ ဝမ်းထဲတွင် အချွဲ သို့မဟုတ် သွေးပါခြင်းနှင့် အကြောင်းရင်းရှာမရဘဲ ဝိတ်ကျခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်စေသည်။

 

 

ဒါ့အပြင် လူနာများသည် အရည်များ၊ အာဟာရဓာတ်များ၊ ပရိုတင်းနှင့် သွေးဆုံးရှုံးမှုတို့ကြောင့် မောပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပြီး သွေးအားနည်းရောဂါအထိ ဖြစ်ပွားနိုင်သည်။

 

 

၂။ ခရုန်းရောဂါ (Crohn’s Disease)

     Crohn’s Disease သည် ပါးစပ်နှင့် အစာရေပြွန်မှသည် အစာအိမ်၊ အူသိမ်၊ အူမကြီးနှင့် စူစိအထိ အစာခြေလမ်းကြောင်း၏ မည်သည့်နေရာမဆို ဖြစ်ပွားနိုင်သည့် ရောင်ရမ်းမှု အမျိုးအစားဖြစ်သည်။ ထိုရောင်ရမ်းမှုသည် အူ၏ ကြွက်သားအလွှာများအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အူပိတ်ခြင်း သို့မဟုတ် အူပေါက်ခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

 

 

အူရောင်ရောဂါ

 

 

နာတာရှည် IBD ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ

IBD ဖြစ်ပွားရသည့် အတိအကျအကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးဘည် အကြောင်းအရင်း အများအပြား ပါဝင်ပတ်သက်နေပါသည်-

 

  • ဆေးလိပ်သောက်ခြင်း
  • စိတ်ဖိစီးမှု
  • ခုခံအားစနစ် မူမမှန်ခြင်း
  • နို့ထွက်ပစ္စည်းများ၊ ကဖိန်းဓာတ်နှင့် အယ်လ်ကိုဟောကဲ့သို့ ရောဂါကြွစေသည့် အစားအသောက်များ
  • မသန့်ရှင်းသော သို့မဟုတ် ရောဂါပိုးမွှားပါဝင်သော အစားအစာများကို စားသုံးခြင်း
  • မျိုးရိုးဗီဇ - မိသားစုတွင် IBD ရောဂါရာဇဝင်ရှိသူများသည် ရောဂါဖြစ်ပွားနိုင်ခြေ ၂၀% ပိုမိုမြင့်မားသည်

 

IBD ၏ နောက်ဆက်တွဲ ပြဿနာများ

     အူလမ်းကြောင်း ရောင်ရမ်းမှု ကာလရှည်ကြာလာပါက အူမကြီးကင်ဆာကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေ တိုးလာပါသည်။ အချို့သော လူနာများတွင် အူပေါက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်သော ဗိုက်နာခြင်းနှင့် ရစ်နာခြင်းများကို ခံစားရနိုင်သည်။

 

 

အူရောင်ရောဂါ

 

 

နာတာရှည် IBD ရောဂါအား ရောဂါရှာဖွေစစ်ဆေးခြင်း

ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် အောက်ပါ စစ်ဆေးမှုများ ပါဝင်သည်-

 

  • အသားစယူ စစ်ဆေးခြင်း (Biopsy) ဓါတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးရန်အတွက် အမှန်ကြည့်မှန်ပြောင်း (Endoscopy) အသုံးပြု၍ အူနံရံမှ အသားစနမူနာကို ရယူခြင်း။
  • သွေးစစ်ဆေးခြင်း (Blood Tests) ရောင်ရမ်းမှု အညွှန်းကိန်းများ၊ သွေးအားနည်းရောဂါနှင့် ဖြစ်နိုင်ချေရှိသော ပိုးဝင်မှုများကို စစ်ဆေးရန် အသုံးပြုသည်။
  • ဝမ်းစစ်ဆေးခြင်း (Stool Analysis) ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်းကို ပြသသော သွေးဖြူဥများနှင့် ပရိုတင်းများကို စစ်ဆေးသည်။
  • အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy) အူအတွင်း ပုံမှန်မဟုတ်သည့် အခြေအနေများကို စစ်ဆေးရန် စူစိမှတစ်ဆင့် ပိုက်ပျော့ရှည်ကို ထည့်သွင်းကြည့်ရှုခြင်း။
  • CT Scan ရိုက်ခြင်း ရောဂါ၏ ပြင်းထန်မှု ပမာဏကို ဆန်းစစ်ရန်နှင့် အူပေါက်ခြင်းကဲ့သို့သော အခြားအခြေအနေများနှင့် ခွဲခြားသိရှိနိုင်ရန် အသေးစိတ် ပုံရိပ်ဖော်ပေးသည်။

 

ကုသမှုနည်းလမ်းများ

  • ဆေးဝါးဖြင့် ကုသခြင်း ဆရာဝန်များသည် ရောင်ရမ်းမှု လျှော့ချရေးဆေးများ၊ ခုခံအားစနစ် ထိန်းချုပ်ဆေးများ သို့မဟုတ် တိကျသော ခုခံအား တုံ့ပြန်မှုများကို ပစ်မှတ်ထားသည့် ဇီဝနည်းပညာသုံး ဆေးဝါးများကို ညွှန်ကြားပေးပါသည်။
  • ပဋိဇီဝဆေးများ (Antibiotics) အစာခြေလမ်းကြောင်းတွင် ပိုးဝင်မှုများရှိနေသည့် အခြေအနေများတွင် အသုံးပြုသည်။
  • ခွဲစိတ်ကုသခြင်း ဆေးဝါးများဖြင့် လက္ခဏာများကို မထိန်းချုပ်နိုင်ဘဲ ပျက်စီးမှု ပြင်းထန်စွာ ဖြစ်ပေါ်သည့် အခြေအနေများတွင် လူနာ၏ ကျန်းမာရေးကို ထိန်းသိမ်းရန် ထိခိုက်နေသော အူကို ခွဲစိတ်ဖယ်ရှားခြင်း (colectomy) လိုအပ်နိုင်ပါသည်။

 

 

 

အူရောင်ရောဂါ

 

 

နာတာရှည် IBD ကို ကာကွယ်နည်း

  • လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော သန့်ရှင်းသည့် အစားအစာများကို စားသုံးပါ။
  • မစားမီနှင့် စားပြီးနောက် လက်ကို စင်ကြယ်စွာ ဆေးကြောပါ။
  • ကြက်အူချောင်း၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် စံပူးဘူး အစားအစာများကဲ့သို့ ပြုပြင်ဖန်တီးထားသည့် အစားအစာများ စားသုံးမှုကို လျှော့ချပါ။
  • ပြုပြင်ဖန်တီးထားသော အစားအစာများအစား နူးညံ့ပြီး အရသာ မပြင်းသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ အမျှင်ဓာတ်မြင့်မားသော အစားအစာများကို အစားထိုး စားသုံးပါ။
  • ပုံမှန်မဟုတ်သော အခြေအနေများကို စောစီးစွာ သိရှိနိုင်ရန် အူမကြီးမှန်ပြောင်းကြည့်ခြင်း အပါအဝင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပါ။

 

ဆက်လက်ဖတ်ရှုရန်- အစားအသောက်မှတစ်ဆင့် IBD လက္ခဏာများကို မည်သို့ သက်သာစေမည်နည်း